Monday 8 August 2011

ညီမလေးအတွက် မှာတမ်း


ညီမလေးရေ…
ရိုးသားမှုတွေအနာတရဖြစ်တဲ့အခါ
ကိုယ့်ဝတ်ရုံကိုယ် ဘာနဲ့မှ
အပေးအယူလုပ်မပစ်နဲ.နော် ညီမ။
အရေးအကြောင်းနဲ့ဆို
သက်လုံကောင်းစေ..
သွားရမဲ့ခရီးက အဝေးကြီးကျန်သေးတယ် မဟုတ်လား။
ကိုယ့်ရိက္ခာကိုယ် ထမ်းလို့
ကိုယ့်လမ်းကို သွားကြတဲ့အခါ
ကိုယ်ယုံကြည်ရာတွေကိုလည်း
လွှတ်ချမပစ်နဲ့ပေါ့..
တိတ်ဆိတ်ငြိမ်သက်ခြင်းတွေရဲ့ နောက်ကွယ်မှာ
လမိုက်ညတွေက
အပေါင်းဖော်နဲ့ ရောက်လာတတ်သေးတယ်လေ..
ကုသိုလ်ကံဖေးမလို့
နည်းပေးလမ်းပြလုပ်တဲ့အခါ
လူ့ယဉ်ကျေးပီသပါစေ ညီမလေး..
မတူညီတဲ့ နိယာမတွေနဲ့ မိတ်ဆွေဖွဲ့မယ်ဆို
ကိုယ်ကိုယ့်ကို ဆန်းစစ်ဖို့လည်း မမေ့နဲ့ပေါ့
ညီမလေးက အရိုးခံလေး မဟုတ်လား။
အဆင်မပြေမှုတွေနဲ့ ပေါင်းသင်းရတဲ့အခါ
ကိုယ့်အသက်ကို ကာကွယ်ဖို့
စည်းအထပ်ထပ်ချထားဖို့လဲ လိုလိမ့်မယ်။

ပြီးတော့..
အနိမ့်အမြင့် ၀င်္ကန္တတွေနဲ့ကြုံတဲ့အခါ
မြောက်ဝင်ရိုးစွန်းမှာနေတဲ့
ပိုလာဝက်ဝံလေးတွေလို
ကိုယ့်သွေးကိုလည်း မသောက်မိစေနဲ့နော် ညီမ။
လူဆိုတာ သေတနေ့ မွေးတနေ့
တနေ့ပြန်တွေ့ကြဦးမယ်လို့
အကိုကြီး မမျှော်လင့်ရဲပါဘူး
ညီမလေးကို မချစ်လို့ ပြောတာ မဟုတ်ဘူးနော်။
နောင်မျိုးဆက်သစ်တွေ
ညီမလေးအကြောင်း ဖတ်တဲ့အခါ
ဒါမှ ဒို့အမေကွလို့ ဂုဏ်ယူကြပါစေ..


ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်သွား
အကိုကြီးအတွက် ဘာမှ နောက်ဆံတင်းမနေနဲ့
အကိုကြီး ထမင်းချက်တတ်တယ်….


ကိုသစ် (သီတဂူ)

No comments:

Post a Comment