![]() |
| From Pictures |
``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)
``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)
``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်) မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတို ပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။
ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ စာဖတ်ဝါသနာပါသည့် ဖခမည်းတော်ကြီးက လည်း မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓ၀င်စာအုပ်ထဲက ဆရာတော်၏ ဓာတ်ပုံနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ဖတ်ပြပြီး မိမိကို ပြောပြ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် မုံရွာမြို့ ဇောတိကစာသင်တိုက်ကြီးသို့ ပျော်ပျော်ပါးပါးပင် သွားခဲ့လေသည်။
စာသင်တိုက်ကြီးဆီသို့ မယောင်မလည်
စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ ``သာမဏေကျော်၊ ဓမ္မာစရိယ၊ သကျသီဟ´´ဟူသော ဘွဲ့များကို လည်း ရရှိခဲ့ပါသည်။
အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့ အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ`` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်း မြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။
အတွေးသစ်တို့မွေးဖွား
အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြ သည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်း များစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲသည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။
